Vietjet က ပထမဆုံးသော A321neo “new-engine option” လေယာဉ်နှင့် အရှေ့တောင်အာရှကို မိတ်ဆက်

လေကြောင်းလိုင်းသည် ယခင်မှာထားသော A320neo ၄၂ စင်းအစား ပိုမိုကြီးမားသော A321neo သို့ ပြောင်းလဲမှာယူလိုက်သည်

ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မှ ပျံသန်းလာသည့် Airbus လေယာဉ်ကြီး  ဗီယက်နမ်နိုင်ငံ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသို့ ဆိုက်ရောက်လာပြီး ချိန်မှစ၍ ခေတ်သစ်လေကြောင်း ပို့ဆောင်ရေးကုမ္ပဏီ Vietjet သည် အရှေ့တောင်အာရှသို့ A321neo (new engine option) လေယာဉ်ကို ဆောင်ယူလာသည့် ပထမဦးဆုံးသော လေကြောင်းလိုင်းဖြစ်လာပါသည် ။ VN-646 အဖြစ် မှတ်ပုံတင်စာရင်းဝင် သည့် A321neo ကို Pratt & Whitney ၏ နောက်ဆုံးမျိုးဆက်သစ်ဖြစ်သော GTF အင်ဂျင်ဖြင့် မောင်းနှင်ခြင်းဖြစ်ပါသည်။

ဇိမ်ရှိရှိထိုင်နိုင်သော သားရေဖုံးထိုင်ခုံပေါင်း ၂၃၀ နှင့် အရည်အသွေးမြင့် ကော်ဇောများခင်းထားသော ကျယ်ဝန်းသည့် လေယာဉ်သစ်ကြီး A321neo ၏ ရှေ့ဆုံးခုံတန်းငါးတန်းသည် Vietjet ၏ Skyboss ခရီးသည်များအတွက်   ထိပ်တန်းဝန်ဆောင်မှုများကိုပေးနိုင်အောင် အထူးပုံဖော်ထားပါသည်။  လေယာဉ်၏အတွင်းပိုင်းတွင် ဆန်းကြယ် လှပစွာ အရောင်များပြောင်းပေးနိုင်သည့် LED light system ထည့်သွင်းထားပြီး လေယာဉ်ခန်းတစ်ခုလုံးကို သက်သောင့်သက်သာရှိပြီး ထူးခြားနှစ်သက်စရာကောင်းသော ၀န်းကျင်အနေအထားတစ်ခုဖြစ်အောင် ရင်သပ် ရှုမောဖွယ်မွမ်းမံပြင်ဆင်မှုများဖြင့် ဖန်တီးအလှဆင်ထားပါသည်။

A321neo လေယာဉ်အသစ်စက်စက်ကြီးတွင် နောက်ဆုံးပေါ်အင်ဂျင်စက်ဒီဇိုင်း၊ အဆင့်မြင့်အယ်ရိုဒိုင်းနမစ် ပညာနှင့် ဆန်းသစ်တီထွင်ထားသော လေယာဉ်ကိုယ်ထည်ခန်းတို့ ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ လေယာဉ် ထုတ်လုပ်သူများ၏အဆိုအရ ၎င်း၏ GTF အင်ဂျင်သည် လောင်စာသုံးစွဲမှုကို သိသိသာသာလျှော့ချပေးနိုင်ရာ စတင်ပြေးဆွဲချိန်တွင် ၁၆ ရာခိုင်နှုန်းမှသည် ၂၀၂၀ ပြည့်နှစ်ရောက်ချိန်တွင် ၂၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ အသံဆူညံမှုတွင် ၇၅ ရာခိုင်နှုန်းနှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုတွင် ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်းသိရသည်။ ဤအင်ဂျင်များကို Pratt & Whitney က ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ခြင်းဖြစ်သည်။ Vietjet သည် လေယာဉ်တည်ဆောက်ရာတွင် အဆိုပါအင်ဂျင်များကို ထည့်သွင်းဖွဲ့စည်းခဲ့သည့် ကမ္ဘာ့ပထမဆုံး လေကြောင်းလိုင်းများထဲမှတစ်ခုဖြစ်သည်။ A321neo သည်လည်း ၂၀၁၇ ခုနှစ်အတွင်း Airbus မှ Vietjetသို့ ရောင်းချပေးသော ၁၇ စင်းမြောက် လေယာဉ်ဖြစ်ပါသည်။

 လေယာဉ်သစ်ကြီးသည် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် ဗီယက်နမ် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို စတင်ပြေးဆွဲပါမည်။ လေယာဉ်လက်ခံရယူသည့်နေ့တွင် လက်ရှိမှာယူထားသော A320neo လေယာဉ် ၄၂ စင်းကို ပိုမို အဆင့် မြင့်ပြီးပိုမိုကြီးမားသော A321neo model များသို့ တိုးမြှင့်မှာယူမည့်အကြောင်းကိုလည်း Vietjet က ထုတ်ပြန် ကြေညာလိုက်ပါသည်။ သို့ဖြစ်၍ လေကြောင်းလိုင်းသည် ယခုလက်ရှိတွင် A321neo ၇၃ စီးနှင့်  A321ceo ၁၁ စီးမှာယူထားပြီးဖြစ်ပါသည်။

 Airbus ၏ Chief Operating Officer နှင့် President Commercial Aircraft ဖြစ်သော Fabrice Brégier က “Vietjet လို လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေတဲ့ လေကြောင်းလိုင်းကြီးက ကျွန်တော်တို့ရဲ့ လေယာဉ်တွေကို ထောက်ခံ အားပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ A321neo ဟာ ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်မှုတွေကို ကမ်းလှမ်းပေးရင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုစရိတ်ကုန်ကျမှု အနည်းဆုံး၊ စွမ်းဆောင်ရည်အမြင့်ဆုံး တွေကို ပေါင်းစပ်ပေးထားပါတယ်။ ခုလိုယှဉ်ပြိုင်မှုပြင်းထန်တဲ့  ဈေးကွက်ထဲမှာ Vietjet ရဲ့ လုပ်ငန်းချဲ့ထွင်မှု အစီအစဉ်အတွက် ဒီလေယာဉ်ဟာ တကယ့်အဖိုးတန်ပိုင်ဆိုင်မှုပစ္စည်းတစ်ခုပါပဲ။ Vietjet ရဲ့ လေယာဉ်အမှတ်အသားအရောင်နဲ့ စတင်ပျံသန်းတော့မယ့်A321neo လေယာဉ်တွေကိုမြင်တွေ့ရဖို့  စောင့်မျှော်နေပါတယ်။” ဟုပြောကြားခဲ့ ပါသည်။

 Vietjet ၏ President နှင့် CEO ဖြစ်သော Nguyen Thi Phuong Thao က “ A320 အုပ်စုဝင်လေယာဉ်က ၂၀၁၇ ခုနှစ်မှာ နည်းပညာပိုင်းယုံကြည်စိတ်ချရမှုနှုန်း ၉၉.၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေတဲ့ Vietjet ရဲ့ အထင်ကရဖြစ်တဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတွေမှာ အများကြီးပါဝင်ခဲ့ပါတယ်။  လေကြောင်းလိုင်းလောကမှာ  လုပ်ငန်းလည်ပတ်မှုစရိတ် အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်ဖို့ ဒီလေယာဉ်က ကျွန်မတို့ကိုကူညီပေးပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ A321neo အရောင်းအ၀ယ်သဘောတူညီမှုကလည်း ကျွန်မတို့Vietjet အနေနဲ့ လေယာဉ်တွေကို ခေတ်မီအောင် မနားမနေကြိုးစားအားထုတ်နေကြတယ်ဆိုတာကို အလေးထားဖော်ပြတာပါပဲ။ ကျွန်မတို့တန်ဖိုးထားရတဲ့ ခရီးသည်တွေဆီကို သက်သောင့်သက်သာရှိမှု၊ ပျော်ရွှင်မှုနဲ့ လုံခြုံမှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့အတွက် နည်းပညာ ယုံကြည်စိတ်ချရ မှုနှုန်းနဲ့ တခြားလုပ်ငန်းလည်ပတ်မှု၊ လုံခြုံဘေးကင်းမှုဆိုင်ရာ ညွှန်းကိန်းတွေဟာလည်း ဆက်လက်မြင့်တက်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

 A320 အုပ်စုလေယာဉ်သည် အလယ်လျှောက်လမ်းတစ်လိုင်းပါ ကမ္ဘာ့ရောင်းအကောင်းဆုံး  လေယာဉ်အမျိုးအ စားဖြစ်ပြီး ထိုင်ခုံ ၁၀၀ မှ ၂၄၀ အထိပါရှိကာ A318, A319, A320, A321 ဟူ၍ ဒီဇိုင်းပုံစံ လေးခုရှိပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်လိုက်ချိန်မှစပြီး Customer ၉၅ ဦးထံမှ မှာယူမှုပေါင်း ၅,၃၀၀ ကျော်နှင့်အတူ A320neo သည် ဈေးကွက်၏ ၆၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ပါသည်။

ShweInnlay

Be the first to comment

Leave a Reply

Your email address will not be published.


*