ပထမဦးဆုံးဒိတ်(First Date)မှာ တစ်ဦးနဲ့တစ်ဦးပိုမိုရင်းနှီးမှုရယူနည်း

ချစ်သူစုံတွဲတွေအတွက် ပထမဦးဆုံးဒိတ် First Date လေးက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ကြည့်နူးချိန်လေးလို့ ဆိုရင်မှားမယ်မထင်ပါဘူး။ နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့ပြီး စားကြသောက်ကြ၊ စကားပြောကြမယ့် ဒီလို First date လေးမှာ တစ်ယောက်နဲ့တစ်ယောက် ရှက်ရွံ့ပြီး စိတ်ကသိကအောက် မဖြစ်ရလေအောင် ဘာတွေကိုရှောင်သင့်တယ်၊ ဆောင်သင့်တယ်ဆိုတာကို ကြိုတင်သိရှိထားဖို့တော့ လိုပါမယ်။ စကားပြောကောင်းတာက First Impression ဖြစ်တာကြောင့် First date မှာပဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပြီး ချစ်သူအသစ်စက်စက်ကလေးဆီကနေ အမှတ်အများကြီးရယူနိုင်ဖို့ ကြိုတင်ပြီးလေ့လာထားလိုက်ပါတော့နော်။

(၁) အကြိုက်ဆုံးဆိုသော အရာတွေကိုမေးမြန်းပြောဆိုနိုင်ပါတယ်

ဘာအရောင်အကြိုက်ဆုံးလဲ၊ ဘာအစားအစာအကြိုက်ဆုံးလဲ၊ ဘယ်လိုတိရိစ္ဆာန်လေးတွေကို ချစ်တတ်လဲ ဆိုတဲ့ ပေါ့ပေါ့ပါးပါးမေးခွန်းလေးတွေကိုသာ မေးမြန်းပါ။ တစ်ဖက်လူဖြေရခက်မယ့် စိတ်ကသိကအောက်ဖြစ်စေမယ့် မေးခွန်းမျိုး၊ စပ်စုတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီမေးခွန်းလေးတွေကတစ်ဆင့် သင်ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုလည်း တစ်ခါတည်းဝေမျှလိုက်လို့ရပါတယ်။ ဒီလိုနည်းလေးနဲ့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်သိဖို့ ဖြေးဖြေးချင်းသာ ကြိုးစားသွားပါ။

(၂) ငယ်ဘဝအကြောင်းလေးတွေပြန်လည်အမှတ်ရပြောဆိုပါ

ငယ်စဉ်အခါက ဖြစ်ပျက်ခဲ့တဲ့ ပျော်စရာဟာသလေးတွေ၊ ကြုံတွေ့ခဲ့ရတာလေးတွေကို ပြောဆိုတာကလည်း သင့်ရဲ့မိသားစုအကြောင်းကို တစ်စိတ်တစ်ဒေသ ပြောပြနိုင်မယ့် အချက်ပါပဲ။ အိမ်ကလူကြီးတွေနဲ့ မမိတ်ဆက်ပေးသေးခင် ဒီလို First date မှာပဲ အိမ်တွင်းရေးအကြောင်း အနည်းငယ်သိထားရတာကလည်း ချစ်သူအသစ်စက်စက်ကလေးအတွက် စိတ်ကျေနပ်စရာဖြစ်စေမှာပါ။

(၃) ကိုယ့်အကြောင်း၊ သူ့အကြောင်းတွေကိုသာပြောပါ

First date လေးမှာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရယူဖို့အတွက် ကိုယ့်အကြောင်း၊ သူ့အကြောင်းကိုသာ ပြောရမှာပါ။ ဒီလိုမဟုတ်ဘဲ သူငယ်ချင်း၊ ဆွေမျိုးသားချင်း ဒါမှမဟုတ် ရည်းစားဟောင်းအကြောင်းတွေကို ထိုင်ပြောနေမယ်ဆိုရင် သင့်ကိုအထင်သေးသွားပါလိမ့်မယ်။ သူတစ်ပါးမကောင်းပြောတတ်တဲ့ ယောက်ျားအဖြစ်ထင်မြင်သွားတတ်သလို၊ ကွယ်ရာမှာ အတင်းတုပ်တတ်တဲ့ မိန်းမဆိုပြီးလည်း အထင်အမြင်သေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကိုလည်း ဆင်ခြင်ဖို့ လိုပါတယ်။

(၄) ခရီးသွားအတွေ့အကြုံများကို sharing လုပ်ပါ

ကိုယ်သွားရောက်လည်ပတ်ခဲ့တဲ့ လှပတဲ့နေရာတွေ၊ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်အကြောင်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ဆိုနိုင်ပါတယ်။ first date ဖြစ်တာမို့လို့ ပြောစရာစကားမရှိဘဲ တိတ်ဆိတ်နေတတ်တာမျိုး မဖြစ်ရလေအောင် အကျယ်ချဲ့ပြောနိုင်မယ့်အကြောင်းအရာမျိုးကို ရွေးချယ်တာအကောင်းဆုံးပါပဲ။ လှပတဲ့နေရာတွေကို ချစ်ရသူနဲ့ ခရီးထွက်ချင်တယ်ဆိုပြီး ရိုမန်းတစ်ဆန်ဆန်ပြောလို့ရပါသေးတယ်။ ဒါပေမယ့် ဒီခရီးသွားအကြောင်းအရာတစ်ခုတည်းမှာပဲ ရပ်တန့်မနေဘဲ အကြောင်းအရာများကို ဆက်စပ်ပြီးပြောတတ်ဖို့လည်း လိုပါတယ်။ ဥပမာအားဖြင့် ခရီးသွားအတွေ့အကြုံတွေကို ဝေမျှတာမျိုးကလည်း တစ်ယောက်အကြောင်း တစ်ယောက်လေ့လာအကဲခတ်နိုင်ပါတယ်။

(၅) စိတ်ညစ်စရာကိစ္စရပ်များကို သယ်မလာပါနဲ့

ဒီလိုပြောလိုက်လို့ ချစ်သူဆိုတာ အေးအတူ၊ ပူအမျှ ဖေးမရမှာပဲ၊ နှစ်သိမ့်ပေးရမှာပဲ လို့ တွေးတဲ့သူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့် ဒီလိုကြည်နူးဖွယ်ပြည့်နှက်နေတဲ့ first date လေးမှာ ကိုယ့်ရဲ့ဒုက္ခတွေကို ချစ်သူအသစ်စက်စက်ကလေးကို ပေးရက်ရဲ့လား၊ ဝေမျှသင့်ရဲ့လား။ လုံးဝမပြောမိပါစေနဲ့။ ပိုက်ဆံပြတ်တဲ့အကြောင်း၊ အလုပ်ကအထက်လူကြီးနဲ့ အဆင်မပြေတဲ့အကြောင်း၊ ကျန်းမာရေးမကောင်းတဲ့အကြောင်းတွေကို ပြောဆိုပြီး ပျော်ရွှင်ကြည်နူးဖွယ်ရာအချိန်တွေကို မဖြုန်းတီးချင်ပါနဲ့။ ပျော်ရွှင်စရာတွေကိုသာတွေးတောပြောဆိုပြီး First date လေးကို ကြည်နူးဖွယ်အတိ ဖြတ်သန်းလိုက်ပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*