ဝန်ထမ်းတွေကိုမယုံလို့ ခရီးဆောင်အိတ်နဲ့အတူလူပါ X Ray စက်ထဲဝင်ပြီး စစ်ဆေးခံခဲ့တဲ့ တရုတ်အမျိုးသမီး

တရုတ်နိုင်ငံက ရထားဘူတာ စစ်ဆေးရေးဂိတ်တစ်ခုမှာ ခရီးသည်လုံခြုံရေးနဲ့ ပစ္စည်းအထုပ်အပိုးများ စစ်ဆေးဖို့အတွက် X ray စစ်ဆေးစဉ်မှာ တရုတ်ခရီးသည်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခရီးဆောင် လက်ကိုင်အိတ်ကို X ray စက်အတွင်း ထည့်လိုက်ဖို့ စိတ်မချတာကြောင့် သူမဟာ စက်အတွင်းလိုက် ပါကာ စစ် ဆေးခံခဲ့ပါတယ်။ ဒေါဂန်းဘူတာအတွင်းက စစ်ဆေးရေးဂိတ် တာဝန်ကျ ဝန်ထမ်းတွေကို မယုံကြည် တာကြောင့် တစ်စက္ကန့်မျှသာ ကြာမြင့်နိုင်မယ့် စစ်ဆေးမှုကို သူမရဲ့ အိတ်နဲ့အတူလိုက်ပါ လာခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်းနားသတင်းဌာနရဲ့ သတင်းပေးပို့ချက်အရ အဆိုပါ အမျိုးသမီးဟာ X ray စက်ပေါ်သို့ တက် ရောက်ခဲ့ပြီးတော့ သူမရဲ့ လက်ကိုင်အိတ်နောက်ကနေ ထပ်ချပ်မခွာလိုက်ပါလာခဲ့ကာ X ray စက်နဲ့ စစ်ဆေးဖြတ်သန်းမှုတွေမှာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ နေရပ် အိမ်သို့ပြန်မယ့်သူမရဲ့ ခရီးစဉ်အတွင်း ရထားဘူတာမှာဆိုရင် ခရီးသည်တွေရဲ့ အိတ်နဲ့ အခြားသော အသုံးအဆောင်ပစ္စည်းတွေ စစ်ဆေးဖို့အတွက် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိဝန်ထမ်းတွေရဲ့ တောင်းဆို မှုကို လိုက်လျောတဲ့ အပြင်ကို သူမရဲ့ လက်ကိုင်အိတ်အတွက် မည်သူ့ကိုမျှ မယုံကြည်ကြောင်းနဲ့ သူမ ကိုယ်တိုင် စက်အတွင်း လိုက်ပါလာဖို့ တောင်းဆို ခဲ့ပြီးတော့ ဂိတ်မှ တာဝန်ရှိသူတွေက ခွင့်ပြုပေးခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ အဖြစ်အပျက် တရုတ်သတင်းမီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပြီးတော့ သူမရဲ့ အိတ်အတွင်းထဲ ဘယ်လောက်ထိ တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေ သယ်ဆောင်လာတာမို့လို့ ဒီလိုမျိုး လုပ်ရပ်မျိုး လုပ်ရ သလဲဆိုတာတွေကို တစ်ယောက်တစ်မျိုးတွေ ပြောဆိုဝေဖန်နေကြ ပါတယ်။ အားလပ်ရက်နှစ်ကူးပိတ် ရက်မှာ မိဘဆွေမျိုး၊ နေအိမ်အလည်အပတ်ခရီးစဉ် လူအများအပြား နေရပ်ပြန်ကြတဲ့ အချိန်မှာ သူမ လည်း လက်ဆောင်ပစ္စည်းများစွာ သယ်ဆောင်ပြီး နေရပ်အိမ်သို့ ပြန်လာခဲ့ကြလည်း ဖြစ်တယ်လို့ သိရပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*